(၃) ဖျားနာခြင်းသည်
ဆင်းရဲ၏ဟုဆိုရာတွင် ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယောဟူသော ဓာတ် တို့ဖာက်ပြန်ချောက်ခြားမှုကြောင့်
ဖြစ်ပေါ်လာသော ဒုက္ခဝေဒနာ(ဗျာဓိ)သည် ဆင်းရဲအမှန် ဖြစ်ပါသည်။
(၄) ခန္ဓာပြတ်ကြွေ
သေဆုံးခြင်းသည် ဆင်းရဲ၏ ဟုဆိုရာတွင် ရုပ်ဇာတိ၊နာမ်ဇာတိမှ ရင်ရော်အိုမင်းခြင်း ဟူသော
ရုပ်၏ဇရာ၊ နာမ်၏ဇရာဖြစ်သော ဖြစ်နေဆဲအစဉ်မှ ရပ်ဆဲပြတ်ကြွေ သေလွန်ရခြင်းကိုဆိုသည်။ ထိုကြောင့်
မရဏတရားတွင်လည်း ရုပ်ပြတ်ဆဲခြင်းနှင့် နာမ်ပြတ်ဆဲဟူ၍ (၂)မျိုးရှိသည်။
နိပ္ဖန္နရုပ်(၁၈)ခုတို့၏ အစဦးစွာဖြစ်ပ်ါလာဆဲသော(ဥပါဒ်)
ရုပ်၏ ဇာတိအချိန်အခိုက်အတန့်မှလွန်၍ ရင့်ဆဲ(ဋ္ဌီ)ဟူသော အချိန်အခိုက်အတန့်၊ ထိုမှလွန်၍
ပျောက်ပျက်ရွေ့လျောဆဲသဘောသည် ရုပ်၏ဇရာ မည်၏။
နာမက္ခန္ဓာတရားလေးပါတို့၏ အစဦးစွာဖြစ်ပေါ်လာဆဲသော
(ဥပါဒ်) နာမ်၏ဇာတိ အချိန်အခိုက်အတန့်မှလွန်၍ ရင့်ဆဲ(ဋ္ဌီ)ဟူသောအချိန်အခိုက်အတန့်။ထိုမှလွန်၍
ပျောက်ပျက်ရွေ့လျောဆဲ သဘောသည် နာမ်၏ဇရာမည်၏။
(ပါဋိ) `ကတမဉ္စ ဘိက္ခဝေ………………အယံဝုစ္စတိ ဘိက္ခဝေ မရဏံ။´
``ချစ်သားရဟန်းတို့- တည်နေရာဘုံဘ၀တို့၌ ၁။ထင်ရှားသောဘ၀မှ
ရွေလျောခြင်း၊ ၂။ထင်ရှားသော ဘ၀မှ ရွေလျောသည့် အခြင်းအရာ၊ ၃။ပျက်ခြင်း၊ ၄။ကွယ်လွန်ခြင်း၊
၅။အသက်စွန့်ခြင်း၊ ၆။သေခြင်း၊ ၇။ဘ၀မှယုတ်ခြင်း၊ ၈။ခန္ဓာငါးပါး၊ နာမ်ရုပ်တရားတို့ပျက်ခြင်း
၉။ခန္ဓာကိုယ်အကောင်ပုတ်ကို စွန့်ပစ်ခြင်း၊ ၁၀။ဇီဝိနြေ္ဒ ပျက်ကြွေခြင်း တို့သည် (မရဏ)
သေခြင်းဖြစ်သည်´´ ဟုဟောကြားထားပါသည်။
(၅) မချစ်အပ်၊
မနှစ်သက်အပ်သော သတ္တ၀ါသင်္ခါရတိုနှင့်ပေါင်းဖော်ရခြင်းသည် ဆင်းရဲ၏ဟုဆိုရာတွင် မချစ်အပ်၊
မနှစ်သက်အပ်သော သတ္တ၀ါသင်္ခါရတိုနှင့် ပေါင်းဖော်ရခြင်း၊ စိတ်ပင်ပန်းခြင်းကို ဖြစ်စေခြင်း၊
အကျိုးမဲ့ဖြစ်ခြင်းစသော လက္ခဏာများ ပါရှိပါသည်။ ထိုလက္ခဏာများကြောင့် စေတသိကဒုက္ခနှင့်
ကာယိက ဒုက္ခနှစ်ပါး ဖြစ်ကြရပါသည်။
(ပါဋိ) `ဒိသွာဝ အပ၌ိယေ ဒုက္ခံ……………..ယတော ဣဓ။
``ရန်သူကိုမြင်ရလျှင် စိတ်၊ စေတသိက်၌ (ဒေါမနဿဝေဒနာ)
ဒုက္ခဖြစ်ရသည်။ ထိုအတွက် ကိုယ်ဆင်းရဲခြင်း (ကာယိကဒုက္ခ) ဖြစ်ရ၏´´ ဟုဟောထားပါသည်။
စကားချက်။ ရန်သူ/ မနှစ်သက်အပ်သူ/ အလိုမရှိအပ်သည်ကို တွေ့ကြုံရလျှင် တစ်ဦးနှင့်တစ်ဦး
အကျူးအလွန်မခံ၊ တင်းမာသော ဒေါသ၊ မာန်မာနတို့ ဦးဆောင်လျှက် ထိုးခုတ်သက်ဖြတ်ခြင်းဟူသော
ကာယဒုက္ခနှင့် စိတ်၌ကြောက်ရွံခြင်း၊ ထိတ်လန့်ခြင်းစသော စေတသိကဒုက္ခတို့ ဖြစ်ရခြင်းကြောင့်
ဆင်းရဲ လှပါသည်။
(ပါဋိ) `တတော ဒုက္ခဒွယဿာပိ…………….သမာဂမောတိ။´
``ထိုကိုယ် စိတ်နှစ်ပါလုံ ဆင်းရဲရခြင်း၏
အကြောင်းဖြစ်သော မချစ်အပ်၊ မနှစ်သက်အပ်သော သူတို့နှင့် ပေါင်းဖော်နေထိုင် တွေ့ဆုံရခြင်းသည်
ဆင်းရဲခြင်းအမှန်ဖြစ်ပါသည်´´ ဟု ဟောထားပါသည်။
(ပါဋိ) `ကာတမောစ ဘိက္ခဝေ……………….အပ္ပိယေဟိသပ္ပယောဂေါ ဒုက္ခော။´
``အိုချစ်သားတို့..၊ မချစ်မနှစ်သက်သူတို့နှင့်ပေါင်းဖော်ရခြင်းသည်
ဆင်းရဲ၏ဆိုသည်မှာ မရှာမှီး၊ အလိုမရှိအပ်သော အဆင်း၊ အသံ စသောအာရုံငါးပါး တို့သည်ရှိ၏။
ထိုသတ္တ၀ါတို့အား အကျိုးပျက်ခြင်းကို လိုလားခြင်း၊ စီးပွားပျက်စေလိုခြင်း၊ ချမ်းသာခြင်းကိုအလိုမရှိ၊
ဘေးကင်းခြင်းကိုအလိုမရှိ၊ ထိုသတ္တ၀ါတို့နှင့် အတူပေါင်းဖော်နေရခြင်းသည် (အပ္ပိယေဟိ သပ္ပယောဂေါ
ဒုက္ခော) ဆင်းရဲမည်ကုန်၏´´ ဟု ဟောထား ပါသည်။
(၆) ချစ်ခင်နှစ်သက်အပ်သော
သတ္တ၀ါသင်္ခါရတို့နှင့် ကွေကွင်းရခြင်းဆိုရာတွင် ချစ်ခင်နှစ်သက် အပ်သော သတ္တ၀ါသင်္ခါရတို့နှင့်
ကွေကွင်းရခြင်းကြောင့် စိုရိမ်ပူပန်ရခြင်း၊ ပျက်စီးရခြင်းတို့ကြောင့် (ကိုယ်၊စိတ်)
ဆင်းရဲခြင်းအမှန် ဖြစ်ပါသည်။ ဤလောက၌ အလိုရှိအပ်၊ နှစ်သက်အပ်ကုန်သော သတ္တ၀ါ သင်္ခါရတို့သည်
ပျက်စီးချွက်ယွင်း၊ ကွေကွင်းသည်ရှိသော် ထိုပစ္စည်းရှင်သည်ကိုယ်ကိုခြောက်သွေ့ စေခြင်း၊
ကြုံလှီ၊ ချိနဲစေခြင်း စသည်ဖြင့် ကာယိကဒုက္ခကို ဖြစ်စေသည်။ ဤအရာဝတ္ထု တို့သည်၊ ငါတို့၌
ရှေးက ရှိခဲ့ဘူးသည်၊ ရခဲ့ဘူးသည်၊ ဖြစ်ခဲ့ဖူသည်။ ယခုအခါ၌မရှိတော့၊ မရတော့၊ မဖြစ်တော့ချေဟု
နောင်တ တဖန်ပူဆွေး စိုးရိမ်ခြင်း စေတသိကဒုက္ခ ကိုဖြစ်စေသည်။ ထိုကြောင့် အောက်ပါဒေသနာကို
ဟောကြား ခဲ့ပါသည်။
(ပါဋိ) `ဥာတိ ဓနာ………………………မတော ပိယ၀ိယောဂေါတိ။´
``လောက၌ အဆွေအမျိုး၊ ပစ္စည်ဥစ္စာပျက်စီးခြင်းကြောင့်
စိတ်သောကတည်းဟူသော မြားသည် စူဝင်နှိပ်စက်ခံရသူတို့တွင် နာကျင်ကြကုန်၏။ ထိုကြောင့် ချစ်ခင်နှစ်သက်အပ်သော
သတ္တ၀ါသင်္ခါရ တို့နှင့် ကွေကွင်း ရခြင်းသည် ဆင်းရဲပါသည်´´ဟုဟောထာပါသည်။
ဤအရာသည်လည်း ပရမတ္ထဖြစ်သော ခန္ဓာငါးပါး၊ ရုပ်နာမ်တရားစုတို့ကိုပင်
ပညက်တင်၍ ဟောတော်မူပါသည်။ ထိုကြောင့် ရုပ်နာမ်တရား၊ ခန္ဓာငါးပါးတို့အချင်းချင်း ပေါင်းသင်း ဆက်ဆံရာတွင်
ဤအရာဝတ္ထုတို့သည်ကား ချစ်အပ်၊ နှစ်သက်အပ်သော သင်္ခါရတို့ ဖြစ်ကြသည်ဟု လော ဘရှေ့ထား အောက်မေ့လျှက်
နှလုံးသွင်းထင်မှတ်ကြကုန်၏။ ထို့ကြောင့် ထိုသို့နှလုံးသွင်းရှိသော ပုဂ္ဂိုလ် တို့အား
ထိုသတ္တ၀ါ သင်္ခါရတို့နှင့် ကွေကွင်း မပေါင်းဖက်ရခြင်းသည် ဆင်းရဲခြင်းစစ်စစ်ဖြစ်သည် ဟုဟောတော်မူပါသည်။
(ပါဋိ) `ကတမောစဘိက္ခဝေ ပိယေဟိ………………ပိယေဟိဝိပ္ပယောဂေါ ဒုက္ခော။´
``အို……..ချစ်သားတို့၊ ချစ်ခင်နှစ်သက်အပ်ကုန်သော
သူတို့နှင့် ကွဲကွာရခြင်းကြောင့်ဖြစ်သော ဆင်းရဲမည်သည်မှာ ဤလောက၌ ရှာမှီးအပ်ကုန်သော၊
အလိုရှိအပ်ကုန်သော၊ နှစ်လိုအပ်ကုန်သော ရူပါရံ၊ သဒ္ဒါရုံစသော အာရုံငါးပါးထင်ရှားရှိကြပါသည်။
ထိုသတ္တ၀ါ၏အကျိုးကို အလိုရှိသော၊ ချမ်းသာကို အလိုရှိသော၊ ဘေးမရှိခြင်းကို အလိုရှိသော
အမိ၊ အဖ၊ ညီ၊ အကို၊ အမ၊ နှမ၊..ဆွေမျိုးတို့ဟူ၍ ဆင်းရဲချမ်းသာ အတူခံစားဖက်များ ရှိကြသည်။
ထိုချစ်ခင်နှစ်သက်အပ်ကုန်သော သူများနှင့် အတူမပေါင်းဖော်ရခြင်း၊ အတူတကွမနေရခြင်း၊ ရောနှောမနေရခြင်းသည်
ဆင်းရဲပါပေသည်´´ဟုဟော ထားပါသည်။
(အပိုင်း-၄ ဆက်လက်ဇော်ပြပါမည်။ )