Powered By Blogger
Friday, July 27, 2012
ဓမ္မစကြာတရားတော်မြန်မာပြန်(အပိုင်း-၁)
ဓမ္မစကြာတရားဒေသနာ(၀ါဆိုလပြည့်အခါ)-၁
ဓမ္မစကြာတရားဒေသနာ(၀ါဆိုလပြည့်အခါ)
နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
          ဓမ္မစကြာအမွှန်း(ပါဋိ) ` ဘိက္ခုနံ ပဉ္စ၀ဂ္ဂီနံ………………………………..ဓမ္မစက္ကံ ဘနာမဟေ။´
          ဓမ္မစကြာအမွှန်း(မြန်မာပြန်) ``သစ္စာလေးပါးတရားအစဉ်ကို မျက်ဝါးထင်ထင် သိမြင်စေကြောင်း ကောင်းစွာပြတော်မူသော သုံးလောက၏ ကိုးစားရာအစစ်ဖြစ်သော မြတ်စွာဘုရား သခင်သည် သဟမ္ပတိ အမည်ရှိသော မြတ်သောဗြဟ္မာမင်း၏ အဖန်ဖန် တောင်းပန်မှုကြောင့် ဘုရား၊ ရဟန္တာ၊ ပစ္စေကဗုဒ္ဓ၊ အရိယာအရှင်တို့ ကောင်းကင်သို့တတ်ရာ၊ ဆင်းသက်ရာဖြစ်သော ဣသိပတန အမည်ရှိသော သားငှက် အပေါင်းအား ဘေးမဲ့ပေးရာ၊ သာယာချမ်းမြေဖွယ်ကောင်းသေား မိဂဒါဝုန်တော အတွင်းဝယ် အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်၊ အရှင်အဿဇိ ဟူသော ငါးပါသော ရဟန်းပုဂ္ဂိုလ်တို့အား နိဗ္ဗာန်သို့ မဂ်ညဏ်ပေါက်၍ ရောက်စေတတ်သော အိမ်မက်တွင်မျှ မကြားရဖူး၊ မနာရဖူး၊ စကားဦးဖြင့် တရားထူး၊ တရားမြတ်ဖြစ်ပေသော ဓမ္မစကြာသုတ်ဒေသနာ တရားတော်ကို ဟောကြားခဲ့ပါသည်။ သုံးလောကအားလုံး၏ လေးမြတ်ကြည်ညိုရာဖြစ်သော၊ အလုံး စုံသော လောကီ၊ လောကုတ္တရာ၊ ပစ္စုပ္ပန်-သံသရာ ချမ်းသာ၊ ကောင်ကျိုး အမျိုးမျိုးကို တိုးပွားစေသော ဓမ္မစကြာသုတ်ဒေသနာတော်ကို ရိုသေစွာအားခဲမပြတ် ရွတ်ဖတ်ကြပါကုန်စို့…။´´
          ဓမ္မစကြာသုတ်နိသျှ(ပါဋိ) `ဧ၀ံမေသုတတံ၊ ဧကံသမယံ………………ဒုက္ခော၊ အနရိယော၊ အနတ္တသံဟိတော။´ `ဧတေဘိက္ခဝေ………….နိဗ္ဗာနာယ သံဝတ္တတိ။´ `ကတမာစ သာ…………. နိဗ္ဗာနာယ သံဝတ္တတိ။´
          ``အရှင်ကဿပဘုရား ၊ အကျွန်ုပ် အာနန္ဒာသည် ဘုရားရှင်၏ မျက်မှောက်တော်ထံပါးမှ ဤဓမ္မစကြာ တရားတော်ကို နားဖြင့်ဆက်ဆက် ကြားသိခဲ့ရပါသည်ဘုရား။
          ဘိုးတောအဉ္ဇနမင်းကြီ၏ ဖြိုကြွင်းခဲ့သော မဟာသက္ကရာဇ်(၁၀၃)ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓဟူး)နေ့၊ ညဥ့်အာရုံတတ်အချိန်တွင် မဟာဗောဓိပလ္လင်၌ လေးအင်သစ္စာသိမြင်ခါဖြင့် ဘုရားရှင် ပွင့်ထွန်လာခဲ့ ပါသည်။ ထိုနောက် ပလ္လင်္ကသတ္တာဟ (၇)ရက်၊ အနမိသသတ္တာဟ (၇)ရက်၊ စင်္ကမသတ္တဟ (၇)ရက်၊ ရတနာဃရသတ္တဟ (၇)ရက်၊ အဇပါလသတ္တဟ (၇)ရက်၊ မုစလိန္ဒာသတ္တဟ (၇)ရက်နှင့် ရာဇာယတန သတ္တဟ (၇)ရက်ဖြင့် (၇)ရက်(၇)လီ၊ (၄၉)ရက်သတင်းသုံးခဲ့ပြီး ပထမဘုံစံ သဟမ္ပတိအမည်ရှိ မဟာဗြဟ္မာ မင်း၏ လျှောက်ထားတောင်းပန်မှုကို အကြောင်းပြု၍ ဘုရားရှင်ပွင့်ရာ မဟာဗောဓိပင်မှ (၁၈)ယူဇနာ ကွာဝေးသော ဗာရာဏသီပြည်အနီးရှိ ဣသိပတန အမည်ရှိသော မိဂဒါဝုန်တောသို့ မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ၀ါဆိုလပြည့် (စနေ)နေ့တွင် တပါတည်းနေ့ချင်းရောက် ကြွချီတော်မူခဲ့ပါသည်။ ထိုအခါ အနီး ထံမှောက် ချဉ်းကပ် ရောက်ရှိလာသော ပဉ္စ၀ဂ္ဂီငါးဦးတို့အား မိန့်ခေါ်၍ ဤသို့ တရားဟောကြားခဲ့ပါသည်။
          `အို..ချစ်သားတို့၊ ဖန်ရည်စွန်းသင်္ကန်းဝတ် ရဟန်းတို့သည် ဤပြဆိုလတံ္တ့သော အယုတ်တရား (၂)ပါးကို မမှိဝဲအပ်ချေ။ ထိုတရားတို့မှာ-
(က) ကာမေသု ကာမသုခလ္လိကာနုယောဂ နှင့် (ခ) အတ္တကိလမထာ နုယောဂ ဟူသော အယုတ်တရား (၂)ပါးတို့ဖြစ်သည်။
          (က) ကာမေသု ကာမသုခလ္လိကာနုယောဂ ဟူသောအယုတ်ရားမှာ- ၀တ္ထုကာမတို့၌ ဆန္ဒ၊ ရာဂ တည်းဟူသော ကိလေသာကာမနှင့်ယှဉ်သော ချမ်းသာကို အဖန်ဖန်ခံစားခြင်းတည်း ဟုဆိုပါသည်။ ၄င်းအမှုတို့သည်- (၁)သိမ်ဖျင်း၏၊ (၂)ရွာ၌နေသူ လူတို့၏ပြုအပ်သော ကိစ္စတည်း၊ (၃)ကာမဂုဏ်ကို ခင်တွယ်သော ပုထုဇဉ်တို့၏ အလေ့အကျင့်ဖြစ်၏။ (၄)ကိလေသာကင်းပြီးသော အရိယာတို့ ပြုမူအပ်သော ကိစ္စမဟုတ်။ (၅)ပစ္စုပန်- သံသရာ ကောင်းကျိုးနှင့်မဆက်ယှဉ်။ ဤမျှ ကောင်းကျိုးမတိုးပွား၊ ပျက်ပြား၊ ဆုတ်ယုတ်ကြောင်းဖြစ်သော ဤအယုတ်တရားကို ရဟန်းဖြစ်သူသည် မမှီဝဲအပ်ပေ….။
(စကားချပ်)-ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံဟူသော ဘုံသုံးပါးတွင်ဖြစ်သမျှ၊ ရှိသမျှ အလုံးစုံသောအဆင်း၊ အသံ၊ အနံ၊ အရာသာ၊ အတွေ့အထိဟူသော အာရုံငါးပါး၊ ရုပ်တရားတို့သည် စိတ်၊ စေတသိက်တို့၏ အာရုံဖြစ်၍ အထည်ဒြပ်ရှိခြင်းကြောင့် ၀တ္ထုဟုခေါ်ရ၏။ ထိုဝတ္ထုဖြစ်သော ရုပ်တရားတို့သည် အလိုရှိအပ်၊ နှစ်သက် အပ်သော သဘောကြောင့် ကာမ မည်ပါသည်။ ထိုသတ္တိနှစ်ပါးကြောင့် ၀တ္ထုကာမ ဟုဆိုပါသည်။
(၁)ကာမ=အလိုရှိအပ်၊နှစ်သက်အပ်သောသဘော(လောဘ+ဆန္ဒ)၊ (၂)သုခ=အာရုံ၏သဘောကိုခံစားခြင်း(ဝေဒနာ)၊ (၃)အလ္လိက=တွယ်တာညိကပ်ခြင်း(လောဘ+ဆန္ဒ)၊ (၄)အနုယောဂ=အဖန်တလဲလဲယှဉ်ခြင်း(အားထုတ်ခြင်း)လောဘအဖန်ဖန်ပွားခြင်း။ (အကျယ်ကိုနောက်မှရေးသားဖော်ပြပါဦးမည်။)
          (ခ)အတ္တကိလမထာ နုယောဂ ဟူသောအယုတ်တရားမှာ- ဆူးညှောင့်ကိုမှီအိပ်ခြင်း၊ မီးအပူခံခြင်း စသောဆင်းရဲကို ဆောင်တတ်သော၊ အရိယာအကျင့် မဟုတ်သော၊ တိတ္ထိတို၏ အကျင့်ဖြစ်သော ၊ စီးပွား ချမ်းသာခြင်းမရှိ၊ မိမိကိုယ်၏ ပင်ပန်ခြင်းကို အဖန်ဖန်ဖြစ်စေသော အကျင့် တိုသည် ရဟန်းဖြစ်သောသူတို့သည် မမှီဝဲအပ်ပေ…။
(၁)အတ္တ=မိမိကိုယ်ကို၊
(၂)ကိလမထ=ပင်ပန်းခြင်း၊
(၃)အနုယောဂ=အဖန်ဖန်ဖြစ်စေသောအကျင့်။
          ထိုသို့တဏှာလောဘနှင့်ယှဉ်သော အယုတ်တရားနှင့် ဒေါသနှင့်ယှဉ်သော အယုတ်တရား(၂)ပါးကို ဖယ်ရှောင်၍ အလယ်အလတ်ဖြစ်သော (သို့) အယုတ်တရား (၂)ပါးမှလွတ်သော (သို့) နိဗ္ဗာန်၏အကျိုးငှာ သံသရာမှ လွတ်မြောက်လိုသူတို့ ကျင့်သုံးရမည့်တရား (မဂ္ဂင်တရား)မှန်ကို ဘုရားရှင်သည် ကိုယ်ပိုင် ညဏ်ဖြင့် သိခဲ့လေပြီ..။ မဇ္ဈိမာပဋိပဒါ=မဂ္ဂင်(၈)ပါးကိုဆိုလိုသည်။  
 (မဇ္ဈိမာ= အလယ်အလတ်၊ လောဘနှင့်ဒေါသ မယှက်။ ပဋိပဒါ=ပွားများကျင့်သုံးခြင်း)
          ထိုမဂ္ဂင်(၈)ပါးသည် - (၁)သစ္စာလေးပါကိုသိမြင်ရာ၌ အကြီးအမှုးဖြစ်သော ပညာမျက်စိကိုပေး၏။ (၂)သစ္စာညဏ်ကို ပေး၏။ (၃)ကိလေသာ အပူများ ငြိမ်း၏။ (၄)သစ္စာတရားကို ထူသောညဏ်ဖြင့် သိရ၏။ (၅)မဂ်ဆိုက်ရောက်ခြင်း ဖြစ်၏။ (၆)ခန္ဓာငါးပါးအားလုံး အကြွင်းမရှိ၊ နိဗ္ဗာန်အကျိုးငှာ ဖြစ်၏ဟု ဘုရားရှင် ချီးမွမ်းခဲ့ပါသည်။
          ဘုရားရှင်သည် `အို..ချစ်သားတို့.. ငါဘုရားရှင်သည် အရဟတ္တမဂ်ညဏ်ဖြင့် ကိလေသာတိုကိုဖယ်၍ သဗ္ဗညုတညဏ်ဖြင့် သိအပ်သော၊ သစ္စာလေးပါကို မြင်တတ်သော၊ ပညာမျက်စိ ကို ပြုတတ်သော၊ အလယ်အလတ်ဖြစ်သော အကျင့်သည် (၁)ကိလေသာငြိမ်းခြင်း (နိဗ္ဗာန်) အကျိုးဖြစ်၏။ (၂)သစ္စာလေးပါးကို ထူးသောညဏ်ဖြင့်သိ၏။ (၃)သစ္စာလေးပါးကို ကောင်းစွာသိခြင်း ဖြစ်၏။ (၄)ခန္ဓာ အကြွင်းအကျန် မရှိ ဟူသော နိဗ္ဗာန်အကျိုး ဖြစ်၏။
          ထိုအလယ်အလတ်ဖြစ်သော အကျင့်မှာ မြတ်သောအင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော (မဂ်) ဖြစ်ပါသည်။ ၄င်းမှာ-
(၁)ကောင်းစွာသိမြင်ခြင်း
(၂)ကောင်းစွာကြံစည်ခြင်း
(၃)ကောင်းစွာပြောဆိုခြင်း
(၄)ကောင်းစွာပြုကျင့်ခြင်း
(၅)ကောင်းစွာအသက်မွေးခြင်း
(၆)ကောင်းစွာအားထုတ်ခြင်း
(၇)ကောင်းစွာအောက်မေ့ခြင်း
(၈)ကောင်းစွာတည်ကြည်ခြင်း တို့ဖြစ်၏´ဟုဟောတော်မူခဲ့ပါသည်။
          ဤမျှသောစကားဖြင့် အယုတ်တရားနှစ်ပါးကို ကျဉ်ခြင်း နှင့် မဇ္ဈိမာပဋိပဒါ ဟူသောအကျင့် ကို ဟောတော်မူခြင်း ပြီးပါပြီ။ ထိုမှတဆင့် အရိယာမဂ်၏ အာရုံဖြစ်သော သစ္စာလေးပါးတရားကို အစဉ်အတိုင်း ဟောတော်မူခဲ့ပါသည်။
(အပိုင်း-၂)ဆက်တင်ပါမည်။