Powered By Blogger

Sunday, August 5, 2012

အလှည့်အပြောင်းကိုနားလည်နိုင်ပါစေ

တရုတ်ဖက်က ခိုးပြီး မြစ်ဆုံဆည် တည်ဆောက်ရေးကို ဆက်လုပ်နေတယ်လို့ သတင်းတွေ ထွက်လာပါတယ်။ တရုတ် လူမျိုး ကျွမ်းကျင်သူ ၅ဝဝ လောက်ကိုလည်း ဆည်တည်ဆောက်နေတဲ့ နေရာမှာ သွားရောက် အလုပ်လုပ်ကိုင်ဖို့လည်း အာဏာပိုင်တွေကို တောင်းဆိုနေတယ် ဆိုတာလည်း ကြားရပါတယ်။
ဘယ်လိုဖြစ်နေကြတာလဲ ဗျာတို့။ သမတ ဦးသိန်းစိန် ကိုယ်တိုင်က မြစ်ဆုံဆည်တည်ဆောက်ရေး လုပ်ငန်းကို ဒီအစိုးရ သက်တမ်းအတွင်းမှာ ရပ်ဆိုင်းထားမယ်လို့ လူသိရှင်ကြားရော ကမ္ဘာသိပါ အမိန့်ထုတ်ထားပြီးသားပဲ မဟုတ်လား။ ဒီ အမိန့်ကို ဘယ်သူတွေက လွန်ဆန်ဖို့ ကြိုးစားနေတာလဲ။ သမတ အမိန့်ကိုတောင် လွန်ဆန်ဖို့ လုပ်လာတယ်ဆိုတော့ မဟုတ်မှလွဲရော နောက်ကွယ်ကနေ ရလာမယ့် အကျိုးအမြတ်က သက်ဆိုင်သူတွေအတွက် အတော်ကို ကြီးမားလို့ ဖြစ် ရမယ် ဆိုတာကတော့ မှန်းလို့ရနေပါတယ်။ ကျနော်တို့ တိုင်းပြည်မှာ သဘာဝ သယံဇာတကို ရောင်းစားပြီး မီလျှံနာ ဖြစ် နေတဲ့ လူတွေကို ရေတွက်ကြည့်မယ်ဆိုရင် အတော်လေးများပါတယ်။ မြန်မာနိုင်ငံကနေ ထုတ်ကုန်တခုခု၊ ကုန်ချောတခု ခု ထုတ်လုပ်ပြီး နိုင်ငံခြားဈေးကွက်မှာ တင်သွင်းရောင်းချနိုင်လို့ ချမ်းသာတဲ့သူက ဘယ်နှစ်ဦးရှိမလဲ။ ကျနော် သုတေသီ တဦး မဟုတ်ပေမယ့် ပြောရဲပါတယ်။ အခုအထိ တယောက်မှ မရှိသေးပါဘူး။
မြစ်ဆုံဆည် တည်ဆောက်ရေးကို ဆက်လုပ်မယ် ဆိုရင်တော့ မကြာခင်အတွင်း မြန်မာနိုင်ငံမှာ အမျိုးသားရေးလက္ခဏာ အသွင်နဲ့ လူထုလှုပ်ရှားမှုတွေ ပေါ်လာလိမ့်မယ်လို့ ဟောစာတမ်း ထုတ်လိုပါတယ်။ လူထုလှုပ်ရှားမှုတွေကနေ ဆက်ပြီး အားကောင်းလာမယ်ဆိုရင် လူထုအုံကြွမှုအထိ ဖြစ်လာပါလိမ့်မယ်။
လူထုအုံကြွလာပြီဆိုရင် နောက်ဆက်တွဲ ဖြစ်လေ့ ဖြစ်ထရှိတာက နိုင်ငံရေးအရ တောင်းဆိုမှုတွေပါ ကပ်ပါလာလေ့ ရှိ တယ် ဆိုတာကို လက်ရှိအစိုးရအနေနဲ့ သဘောပေါက်ဖို့ လိုပါတယ်။ လောင်တဲ့မီးဟာ ကိုယ်မွှေးခဲ့တဲ့မီး ဆိုတာကို သတိ ပြုဖို့ လိုပါတယ်။ ဒါဟာ အတိုက်ခံ နိုင်ငံရေးအုပ်စုတွေ သွေးထိုးလို့ မဟုတ်ပါဖူး။ ဧရာဝတီဆိုတာ ကျနော်တို့ နိုင်ငံရဲ့ ကိုယ် ပိုင်မြစ်ကြီး ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံအတွင်းမှာ မြစ်ဖျားခံပြီး ပင်လယ်ထဲ စီးဝင်ပါတယ်။ သံလွင်တို့ မဲခေါင်မြစ်တို့လို တ ရုတ်ပြည်ဖက်မှာ မြစ်ဖျားခံလာတဲ့ မြစ်မျိုး မဟုတ်ပါ။ ဧရာဝတီပျက်စီးမှာကို ဘယ်နိုင်ငံသားကမှ လိုလားမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဧရာဝတီမှာ အမျိုးသား လက္ခဏာရပ်တွေ အမြောက်အများ ပါဝင်နေလို့ပါပဲ။ လူအဖွဲ့အစည်း တခု ရုန်းကန်လှုပ်ရှားခဲ့တဲ့ သမိုင်းကြောင်း၊ ဖြစ်တည်လာတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ မီတင်းနေရတဲ့ စိုက်ပျိုးရေးနဲ့အတူ တခြားသော အသက်မွေးဝမ်းကြောင်းများ အစရှိတဲ့ ကိစ္စရပ်တွေအပြင် အခြားသော အကြောင်းအရင်းများလည်း ရှိနေပါ သေးတယ်။ အထူးသဖြင့်ကတော့ မြစ်ကြီးကောသွားမှာကို အားလုံးက စိုးရိမ်ကြပါတယ်။ မြစ်ကြီးကောသွားရင် အထက် က ပြောခဲ့တဲ့ လက္ခဏာတွေ ပျောက်ကွယ်သွားတော့မှာကိုး။
ရေရှည်မှာ တိုင်းပြည်အတွက် ဆိုးကျိုးကို ဖြစ်ပေါ်စေမယ်ဆိုတာ သိသိကြီးနဲ့ မိခင်နိုင်ငံရဲ့ သဘာဝအရင်းအမြစ်တွေကို လက်လွတ်စပယ် အသုံးပြု၊ ရောင်းစားနေတာတွေကို နိုင်ငံသားတွေ အားလုံးက ဆန့်ကျင်ကြပါလိမ့်မယ်။ နောင်တချိန် မှာလည်း သဘာဝ အရင်းအမြစ်ကြောင့် မတော်မတရား ချမ်းသာလာခဲ့တဲ့ သူတွေကို နိုင်ငံသားတွေက ဒဏ်ခတ်ဖို့ တောင်းဆို လာပါလိမ့်မယ်။ ငါတို့မှာ အာဏာရှိတယ်၊ သင်းတို့ ဘာလုပ်နိုင်မှာလဲ ဆိုတဲ့အမြင်နဲ့ ချဉ်းကပ်မယ်ဆိုရင်တော့ ဝက်ဝက်ကွဲ၊ ပြဲပြဲလန်အောင် မှားလိမ့်မယ်လို့ ထောက်ပြလိုပါတယ်။ နိုင်ငံရေးဆိုတာ ကြွေတလက် ကြက်တခုန်ပါ။ နောင် လာမယ့် ဆယ်နှစ် အနှစ်နှစ်ဆယ်အတွင်းမှာ ဖြစ်လာမယ့်အပြောင်းအလဲတွေကို အခုနေအခါမှာ မြင်ကြမှာ မဟုတ်ပါဘူး။ လောဘဇောက ကပ်နေကြတာကိုး။
ဖိလစ်ပိုင်က မားကို့စ်၊ ပီရူးက ဖူဂျီမိုရီ၊ ချီလီက ဗိုလ်ချုပ်ကြီး ပီနိုရှေး သူတို့အားလုံးဟာ သူတို့ လုပ်ခဲ့တာတွေ ပြုမူခဲ့တာ တွေအတွက် ပြန်ပြီးပေးဆပ်ခဲ့ရပါတယ်။ မားကို့စ်ဆိုရင် ဆွစ်ဇာလန်က ဘဏ်တွေမှာ သူအပ်ထားတဲ့ ငွေတွေကို ဘယ် သူမှ ထိလို့ကိုင်လို့ မရဘူးလို့ ထင်ခဲ့မိတာပါ။ သို့သော်လည်း သူသေပြီး နှစ်အတော်ကြာမှာ ဒေါ်လာသန်းပေါင်း ရာနဲ့ချီ ရှိတဲ့ အဲသည့် အပ်ထားတဲ့ငွေတွေကို ဆွစ်ဇာလန်က ဘဏ်တွေက ဖိလစ်ပိုင်ပြည်သူတွေအတွက် ပြန်လည်လွဲအပ်ပေးခဲ့ ရပါတယ်။ ဖူဂျီမိုရီကတော့ ဂျပန်ကို ထွက်ပြေးခိုလှုံပေမယ့် နောက်ပိုင်းမှာ ဂျပန်ကပြန်အပ်လို့ ပီရူးကို ပြန်အပို့ခံရပြီး သူ လုပ်ခဲ့တာတွေအတွက် ထောင်နန်းစံပြီး ပေးဆပ်နေရပါတယ်။ ဗိုလ်ချုပ်ကြီး ပီနိုရှေးလည်း အိုကြီးအိုမ အသက်အရွယ် ကျမှ တိုင်းပြည်ကပေးတဲ့ ပစ်ဒဏ်ကို ခံခဲ့ရပါတယ်။
မြန်မာပြည်က အာဏာရှင်တွေနဲ့ သူတို့ရဲ့ စီးပွားဖက်တွေလည်း ဒါတွေကို နမူနာယူ သင်ခန်းစာယူပြီး အသိညဏ်ရှိရှိနဲ့ နေတတ်၊ ထိုင်တတ်၊ လုပ်တတ်ဖို့ လိုနေပါပြီ။ အခုချမ်းသာ ကြွယ်ဝနေတဲ့ ဗိုလ်ချုပ်များ၊ လုပ်ငန်းပေါင်းများစွာကို ပိုင်ဆိုင် ထားတဲ့ သူတို့ရဲ့ သားသမီးများ၊ ထိုသူတွေ အားလုံးနဲ့ပေါင်းပြီး ကျိကျိတက် ချမ်းသာနေတဲ့ ခရိုနီတွေများလည်း တိုင်းပြည် ကောင်းရာ ကောင်းကျိုးအတွက် ဘာတွေပြန်လုပ်ပေးမလဲဆိုတာ စဉ်းစားဖို့လိုနေပါတယ်။ အသက်အရွယ်လွန်နေတဲ့ ဗိုလ်ချုပ်တချို့အတွက်တော့ သူတို့ရဲ့ သက်တန်းအတွင်းမှာ မားကို့စ်တို့၊ ပီနိုရှေးတို့၊ ဖူဂျီမိုရီတို့လို အဖြစ်မျိုး ရင်ဆိုင် ကောင်းမှ ရင်ဆိုင်နိုင်ရမှာ ဖြစ်ပေမယ့် သူတို့ရဲ့ သားသမီးများနဲ့ ခရိုနီတွေက အများစုဟာ အရွယ်ကောင်းတွေ ဖြစ်ပါ တယ်။ နောင်လာမယ့် ဆယ်နှစ် အနှစ်နှစ်ဆယ်မှာ သူတို့ဟာ အရွယ်အားဖြင့် ၆ဝ၊ ၆၅၊ ၇ဝ အရွယ်တွေ ဖြစ်လာပါလိမ့် မယ်။ အဲသည့် အချိန်ကြမှ နိုင်ငံရေး အပြောင်းအလဲတွေကြောင့် ဘာဖြစ်လိမ့်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ လုံ ခြုံတယ်လို့ သူတို့ထင်နေတဲ့ သူတို့ရဲ့ ငွေမဲတွေကို အပ်နှံထားတဲ့ နိုင်ငံခြားဘဏ်တွေဟာ (အနောက်နိုင်ငံ၊ အာရှနဲ့ အရှေ့ အလယ်ပိုင်းက ဘဏ်တချို့) နောင်နှစ်အတော်အကြာမှာ ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲကြောင့် သူတို့ငွေတွေကို ထုတ် မပေးတော့ဘဲ ထိန်းချုပ်တာမျိုး ဖြစ်လာနိုင်ပါတယ်။ နိုင်ငံရေး အပြောင်းအလဲတွေကလည်းဖြစ် သက်ဆိုင်ရာ တိုင်းပြည် က အစိုးရကလည်း အထောက်အထားနဲ့တကွ ခိုင်ခိုင်လုံလုံ တောင်းဆိုလာရင် ဘဏ်တွေဟာ အဲသည့်ငွေတွေကို သက် ဆိုင်ရာ တိုင်းပြည်ကို ပြန်လည်အပ်နှံရပါတယ်။
နိုင်ငံရေးအပြောင်းအလဲတခု ဘယ်လို ဖြစ်ထွန်းပြောင်းလဲလိမ့်မလဲ။ ဘယ်သူမှ တပ်အပ်မသိပါ။ ငါ့ရဲ့ နေပြည်တော်ဟာ ကမ္ဘာကြီးရဲ့ အလယ်ဗဟိုမှာ တည်ရှိတယ်လို့ ထင်နေတဲ့၊ ငါဟာ မင်းတကာက ခန့်ငြားပြီး ဘုန်းကြီးတယ်လို့ ထင်နေတဲ့ မြန်မာဘုရင်တွေ ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲကြားမှာ ဇတ်သိမ်း မကောင်းခဲ့ပါ။ အင်္ဂလိပ်တွေဟာ မြန်မာအပါအဝင် ကိုလိုနီတွေကို နောက်ထပ် နှစ်ပေါင်းတရာနှစ်ရာ အုပ်ချုပ်ပြီး အမြတ်ထုတ်ခွင့် ရဦးမယ်လို့ ထင်ခဲ့ပါတယ်။ သို့သော် ဒုတိ ယ ကမ္ဘာစစ်နဲ့ အတူတူ အဲသည့်ထင်ကြေးဟာ ပြောင်းလဲ့ခဲ့ရပါတယ်။ ဒုတိယကမ္ဘာစစ် ဖြစ်ရခြင်းကလည်း သူတို့လို အ ရင်းရှင် အချင်းချင်း လောဘဇောတိုက် ပြဿနာပေါ်ရာကနေ စတင်တာပါ။ ကိုလိုနီအုပ်ချုပ်ခံ ဒေသကလူတွေ လှုံ့ဆော် လို့ သူတို့အချင်းချင်းကြား စစ်ဖြစ်ရတာ မဟုတ်ပါ။ တခါ ဦးနေဝင်းလည်း သူ့တသက်မှာ အေးအေးချမ်းချမ်း အုပ်ချုပ်ရပြီ နေရပြီလို့ ထင်ထားတာ အိုကြီးအိုမကြမှ ဇာတ်သိမ်း မကောင်းပါ။ အဲသလိုပါဘဲ တချိန်က တန်ခိုးထက်ခဲ့တဲ့ ဗိုလ်ချုပ် ခင်ညွှန့်လည်း အလားတူ ကြုံခဲ့ရတယ် မဟုတ်ပါလား။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဘယ်လိုဘယ်ပုံ သူရဲ့ နောက်ဆုံး နေ့ တွေကို ဖြတ်သန်းမလဲ ဆိုတာကလည်း စောင့်ကြည့်ရဦးမှာပါ။
မြန်မာနိုင်ငံက သဘာဝအရင်းအမြစ်တွေကို ရောင်းစားပြီး အလွန်အမင်း ချမ်းသာနေသူတွေ အနေနဲ့ ငါ့အလှည့်တော့ အဲသလို ဖြစ်လိမ့်မယ် မဟုတ်ဘူးလို့ တွက်နေရင် မှားပါလိမ့်မယ်။ အနာဂတ်ဆိုတာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ တိတိ ကျကျ မသိပါ။ ဗေဒင်ဆရာနဲ့ အကြားအမြင်ဆရာလည်း မဟောနိုင်ပါ။ အဲတာကြောင့် အချိန်မနှောင်းခင်မှာ တိုင်းပြည် အတွက် နိုင်ငံသားတွေအတွက် ပြန်လည်ပေးဆပ်ဖို့ ပြန်လည်ကျေးဇူးဆပ်ဖို့ နားလည်သင့်တယ်လို့ ထောက်ပြလိုရင်း ဖြစ်ပါတယ်။ အဲသလို နားလည်တယ်ဆိုရင် ထပ်ပြီးပြောလိုတာက တိုင်းပြည်ရဲ့ အရင်းအမြစ်တွေကို ထိမ်းသိမ်းဖို့ လက် လွတ်စပယ် မလုပ်ဖို့ လိုတယ်ဆိုတာကိုလည်း တဆက်ထဲ သဘောပေါက်ဖို့ လိုပါကြောင်း။ရွက်မွန် ဘလော့ခ်မှ ကူးယူဖေါ်ပြပါသည်

No comments:

Post a Comment